ဘလော့ဂါများရဲ့ ပိုစ်များ (ကိုဇော် စတင်ပြုလုပ်သည်)

Thursday, May 24, 2012

ခရားတစ်အိုး နဲ့ အတွေးစများ.....(၁)




မနက်ဆိုရင် ကျွန်တော် လက်ဖက်ရည်ဆိုင်သွားတယ်…။ မြင်းခြံက ကေဒါ လက်ဖက်ရည်ဆိုင်…။ သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်နဲ့ပါပဲ…..။ အဲဒီအချိန်ဆိုရင် စကားသိပ်မပြောဖြစ်ကြဘူး…။ မနက်ကလည်း ၁၀ နာရီကျော်မှ အိပ်ရာထသကိုး…။ အင်း ….အလုပ်မရှိ…အကိုင်မရှိဆိုတော့လည်း…..။ 

နေ့လည်ဆိုရင် အင်တာနက်ဆိုင်သွားပြီး သတင်းတွေ စားသုံးတယ်…။ Facebook သုံးတယ်…။ တင်သမျှ Like လုပ်ပေးတယ်…။ ဟုတ်တယ်လေ…။ Facebook မှာ မကြိုက်ပါ၊ နားရင်းအုပ်ချင်တယ်၊ ပိုက်ဆံတစ်ထောင်နဲ့ပါးရိုက်ချင်တယ်ဆိုတဲ့ ဟာတွေမှ မပါတာ…။ အဲဒီတော့ အားလုံး Like ပေါ့……။ 

ညနေစောင်းရောက်ရင် လက်ဖက်ရည်ဆိုင်တစ်ခေါက်ထပ်သွားတယ်….။ အင်း….အလုပ်လည်း တယ်များသကိုး…။ လက်ဖက်ရည်ဆိုင်ချည့် ထိုင်နေတာပဲ။ မြင်းခြံက ပြည့်ဝ လက်ဖက်ရည်ဆိုင်…။ အဲဒီမှာတော့ သူငယ်ချင်းတွေ ဆုံဖြစ်ကြတယ်….။ ပြောကြတဲ့ အကြောင်းအရာစုံတယ်….။ နိုင်ငံရေး၊ပညာရေး၊ လူမှုရေး၊ လက်တလောဟော့နေကြတဲ့ဖြစ်ရပ်ကလေးတွေ၊ ယဉ်ကျေးမှု …အို…..ရေနွေးအိုး တစ်အိုးနဲ့ အတင်းတုတ် ရတာလည်း တယ်မြိုင်သကိုး…..။ 

တကယ်တမ်းတော့ ဖြစ်စေချင်တဲ့ ဆန္ဒကလေးတွေကို ဆွေးနွေးဖလှယ်ကြတဲ့ဝိုင်းလေးတွေပါပဲ…။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး…ဒါပေမယ့် ပြောကြရင် ကမ္ဘာနဲ့ချီပြီး ပြောတတ်ကြတယ်….။ အဲ ပြောရင်းနဲ့ တစ်ခါတစ်ခါတော့ မီးပျက်တက်တယ်…အဲဒီအခါကျတော့ စကားဝိုင်းလေး ခဏရပ်ရတယ်….။ ကျွန်တော်တို့က သိပ်ချစ်ကြတာ….။ တစ်ယောက်မျက်နှာ တစ်ယောက်များ မမြင်ရရင် စကားမပြောကြဘူး…။ ငြိမ်လို့….။ မီးများပြန်လာရင် ကျွန်တော်တို့သိပ်ပျော်ကြတာ….။ အဲဒါကြောင့်ပြောတာ…မြန်မာပြည် ပျော်စရာတွေ အများကြီးပါလို့။

မီးဘာလို့ပျက်ကြတာပါလိမ့်လို့ တွေးမိတယ်….။ ရေအားလျှပ်စစ်လေ….ရေအားလျှပ်စစ်…..။ ရေအားလျှပ်စစ်ဆိုတော့ ရေမရှိလို့…..။ အင်း….ရေမရှိဆို….မိုးမှ မရွာပဲ….။ မိုးမရွာဆို ကောင်းကင်လည်း ကြည့်လိုက်ပါဦး…။ ကြက်မတစ်ဝပ် စာတောင် တိမ်မရှိဘူး….။ အဲဒါကြောင့်မိုးမရွာတာ…..။ မိုးကဘာလို့မမှန်တာလဲဆိုတော့…….အင်း…အတွေးဒီတင်ရပ်မှ……။ ရေရဖို့ မိုးနတ်မင်းကြီးကို ကူညီခိုင်းတာပဲ….။ မှန်တာပေါ့…။ နို့..ဟိုလူကြီးက ပိုလို့ ရောင်းရတာဆို…..။ အိမ်နားက ရေရောင်းစားတဲ့ သူကိုပြောပါတယ်….။  အင်း….သူက ပိုလို့ရောင်းရတယ်ပြောတော့….တစ်ထောင်တန် အမှုလေးတောင် သတိရမိသေးရဲ့……။ 

မပြောမပီး မတီးမမည်ဆိုသလိုပေါ့လေ…။ ပြောကြည့်တာပေါ့….။ တီးကြည့်တာပေါ့….။ ပြောမှသိ၊ ထိမှနာ ထိုလူမျိုး မပေါင်းအပ်ဆိုတဲ့ ဈေးထဲက စာတန်းလေး တစ်ခုကိုတွေ့တော့ ပြုံးမိပါရဲ့…။ မနှစ်ကနဲ့ ဒီနှစ်မှာ ဒီနှစ်မှာမှ နွေ ၂ ခါ  ကျနေလား မသိဘူး…။ မနှစ်ကတော့ မီးမှန်တာကိုး..နှော့.။ တစ်ခုခုတော့….တစ်ခုခုပဲလို့တော့ ထင်မိရဲ့။ 

အမယ်လေး…တွေးရင်းတွေးရင်း…ပြောရင်းဆိုရင်း…ငြင်းရင်းခုန်ရင်းနဲ့…..အိမ်ပြန်ရောက်လာ….။ 

အိမ်ကတော့ မည်းမှောင်လို့ပေါ့။ ဖယောင်းတိုင်လေး တစ်တိုင် မီးညှိလိုက်တယ်…။ အမယ်…သူများနိုင်ငံတွေများ…Romantic တဲ့…။ တို့လည်း Romantic ပေါ့…။ မီးက ဒီနေ့ဘယ်အချိန်လာမှာလဲလို့တော့ မေးတဲ့တစ်ယောက်အသံကိုကြားရတယ်….။ တစ်ယောက်က ၁၁ နာရီတဲ့……။ တစ်ယောက်က ၅ နာရီတဲ့…..။ တစ်ယောက်က ဒီနေ့လာရက်မဟုတ်ဘူးလေတဲ့….။ တစ်ယောက်က ………။ ကြာတော့ နားငြီးလာတယ်….။ အဲဒီတော့ သူတို့ကို ပြောလိုက်တယ်….။ လာမှာမဟုတ်သေးဘူး….။ ဒီနွေ တစ်နွေလုံး အက်ဒီဆင် မြန်မာနိုင်ငံကိုလာလည်တယ်….။ အဲဒါ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ မီးဖြတ်ထားတာ…။ အက်ဒီဆင်က ဒီမှာပျော်တယ်တဲ့…။ ဘယ်လောက်ထိနေဦးမလဲမသိဘူးလို့….။ အဲဒီတော့မှ သူတို့တွေ ငြိမ်သွားကြတယ်…။ သူတို့တွေ အက်ဒီဆင်ဆိုတာ ဘာကြီးလဲလို့ တွေးနေမယ်ထင်ပါရဲ့…..။ 

 ဟုတ်တယ်လေ…..။အခုတောင် ဒီစာရေးတာကို Laptop က ဘက်ထရီလေးနဲ့ရေးနေရတာ….။ ရေးရင်းနဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်က သီချင်းသံထွက်လာတယ်….။ မီး နဲ့ ရေ မောင် ဘာကိုရွေးမလဲ…..။ လူတောင် ရယ်ချင်ပက်ကျိဖြစ်သွားတယ်…………။

တော်ပြီ….အိပ်တော့မယ်…။
အိပ်မက်ထဲမှာ….
အိပ်မက်ထဲမှာ….
အားလုံးရဲ့ အိပ်မက်ထဲမှာ……

မီးမှန်စွာ လာစေချင်တဲ့ ဆန္ဒတစ်ခုတည်းရယ်……။

လေးစားစွာဖြင့်….
ခနွဲ(မြင်းခြံ)

Tuesday, May 22, 2012

ဒိုမိန်းပြောင်းပြီ...



အခု ဒိုမိန်း ပြောင်းလိုက်ပါပြီ။ ကျွန်တော်ပြောထားတဲ့ အတိုင်းပဲ...စလုပ်ပြီနော်.....။ ပစ်မထားနဲ့နော်...။ အခုလို ဒိုမိန်း ၀ယ်ပေးသော ကျွန်တော့်သူငယ်ချင်း ချစ်ရဲအောင်နှင့် ပြည့်ဖြိုးဇော် အား ကျေးဇူးအထူးတင်ရှိပါတယ်....။(အမှန်က ဓါးပြ တိုက်ထားတာ....ဘာပဲဖြစ်ဖြစ်လေ) Domain Name Service ဆောင်ရွက်ပေးပါသော Web Host Myanmar လည်းကောင်း ကျေးဇူးအထူးတင်ရှိပါသည်။ အားလုံးသော အစ်ကို၊အစ်မ တွေကိုလည်း ကျေးဇူးတင်ရှိပါတယ်...။

တကယ်ဆိုရင် ဘလောဂ် မှာ ခင်ရတဲ့ အစ်ကို၊အစ်မ တွေမှ မရှိဘူး ဆိုရင် အခုလို ဒိုမိန်းလည်း ၀ယ်ဖြစ်မှာ မဟုတ်ပါဘူး။ အခုတော့ ချည်နှောင်ထားတဲ့ သံယောဇဉ်၊ ရှုးသွပ်တဲ့ ကျွန်တော့်ရဲ့ စိတ်ကူး ကြောင့် အခုလိုမျိုး ၀ယ်ဖြစ်သွားတာပါ။

အမှန်တော့ ကျွန်တော် အခုလိုမျိုး အမည်နဲ့ ၀ယ်ယူဖို့ ၁၀ တန်းကတည်းက စိတ်ကူးယဉ်ခဲ့တာပါ။ အဲဒီတုန်းက ရယ်ရတယ်...။ တွေ့တဲ့ သီတင်းစာ ဖတ် ဖုန်းနံပါတ်တွေ မှတ်ထား။ ပြီးတော့ ဆက်လည်း မဆက်ဖြစ်ခဲ့ပါဘူးလေ...။ ဘာလို့လည်း ဆိုတော့ ကိုယ်က ကျောင်းသားပဲ ရှိသေးတာ....။ စိတ်ကူးပဲ ရှိတာ ဘာမှ နားလည်သေးတာ မဟုတ်ဘူးလေ။ ပြီးတော့ အဲလို ဖုန်းဆက်ရမှာ ကြောက်လည်း ကြောက်တယ်..။ ဘာလို့လည်းတော့ မသိဘူး....။ အခုတော့ အရင်ကလိုတော့ မဟုတ်တော့ဘူးဆိုပေမယ့် အရမ်းနားလည်လားဆိုတော့ သိပ်တော့ နားမလည်ဘူး...။  အင်တာနက်ပေါ်မှာ လေ့လာတယ်...။ ၀င်ကြည့်တယ်။ ဖုန်းဆက်ရဲလာတယ်...။

ပထမဆုံး ဒိုမိန်း ၀ယ်ဖို့ အကူအညီ တောင်းဆိုမိတာက ကျွန်တော်တို့ရဲ့ အစ်ကို www.zaw357.net က ကိုဇော်ပါပဲ။ ကိုဇော် လမ်းညွှန်တဲ့အတိုင်း အီးမေးလ် တွေ ပို့တယ်...။ အဲဒီ အီးမေးလ် တွေက ပြန်လာတယ်....။ ဒါပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။....။ အချိန်မပေးနိုင်လောက်အောင်ကို မအားမလပ်ဖြစ်ခဲ့ရတယ်....။ အခုတော့ .....အချိန်ပေးမယ် လို့ ဆုံးဖြတ်လိုက်တယ်...။ ကိုယ့်ကိုကိုယ် လူတစ်ယောက်နဲ့တူအောင် အားလပ်ချိန်ထားမယ်....စာဖတ်ချိန်ထားမယ်....အလုပ်လုပ်ချိန်ထားမယ်လို့ ဆုံးဖြတ်လိုက်တော့တယ်....။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်.....။ ကျွန်တော် ခနွဲ (မြင်းခြံ) ပါ.....။

လေးစားစွာဖြင့်
ခနွဲ (မြင်းခြံ)

Tuesday, May 1, 2012

ပေါ်တော်မူ...ခနွဲ


အရင်တစ်ခေါက်ကလည်း နှုတ်ဆက်ပြီးပြီ....ဟဲလို...ဆိုပြီးတော့။ အခုလည်း ပေါ်လာပြန်ပြီ။ တစ်ခါ နှုတ်ဆက်ပြီးတော့ ၇ လကျော် ပျောက်နေခဲ့တယ်...။ လိပ်ရေထဲလွှတ်တာမှ ပြန်ပေါ်လာဦးမယ်...။ ခနွဲတို့ ပျောက်ချက်ကတော့ ကမ်းကုန်ပဲ လို့ မိတ်ဆွေ၊ သူငယ်ချင်းများ တွေးနေမလား မသိ။ ဒီတစ်ခါတော့ အချိန်ပေးတော့မယ်။ အချိန်ပေးပါတော့မယ်။ Blog ကို မထားချင်ပဲ ထားခဲ့ရတာ...တော်တော်ကြာနေပြီ။ စာတွေလည်း လိုက်ဖတ်ဦးမယ်..။ စာတွေလည်းရေးဦးမယ်။ အားလုံးကို အခုတစ်ခါ ထပ်ပြီး နှုတ်ဆက်တယ်နော်။ ဒီရက်ပိုင်းအတွင်း ဒိုမိန်းပြောင်းမယ်။ သူငယ်ချင်းတွေကို ဓါးပြ တိုက်ထားတယ်..။ အဟိ။ လိုအပ်တွေလည်း သင်ပေးကြပါဦး။ တကယ်ပေါ်လာတာနော်။ ပစ်မထားကြနဲ့။

အားလုံးကို လေးစားလျှက်

ခနွဲ (မြင်းခြံ)
ခေတ္တ-တောင်ကြီး

Monday, August 29, 2011

ဟဲလို..ဟဲလို..ဟဲလို....

ဟဲလို...ဟဲလို...ဟဲလို....

  
ဟဲ..ဟဲ.....ကျွန်တော့်ကို မှတ်မိသေးလား မသိဘူး။ ကျွန်တော် ခနွဲပါခင်ဗျာ...။ ကျွန်တော် ချစ်တဲ့ ဘလောဂ်နဲ့ ၃ လနီးပါး ခွဲခွာခဲ့ရပါတယ်။ မြန်မာပြည်ကို ပြန်သွားတုန်းကလည်း မနှုတ်ဆက်ခဲ့ရဘူး။ တောင်းပန်ပါတယ်နော်....။ ကျွန်တော် မ၀င်ဖြစ်တာက ကျော်ဖို့၊ခွဖို့ကလည်း မတတ်တာလည်း ပါလိမ့်မယ်ထင်တယ်ဗျ....အခုတော့ သူ့ဘာသာသူ ပွင့်နေတယ်။ ကျော်စရာလည်း မလို...ခွစရာလည်း မလိုဘူးဖြစ်နေတာနဲ့ ၀င်နှုတ်ဆက်တာပါ..။ တကယ်လို့ ပြန်ပိတ်ခဲ့ရင်လည်း ကျွန်တော် ဒိုမိန်းဝယ်ဖို့ အစီအစဉ်ရှိပါတယ်....အလုပ်ကိစ္စလေးတွေရှုပ်နေတာနဲ့ မ၀ယ်ဖြစ်သေးတာ။ အခုတော့ ကျွန်တော် တောင်ကြီးမှာ နေပါတယ်.။ အလုပ်ကိစ္စနဲ့သွားရမှာက ကလော၊ပင်းတယ၊ရပ်စောက်၊ဖယ်ခုံ၊လဲချား ဖက်တွေမှာပါ။ အားလုံးကို သတိရတယ်...အရင်ကလို ဘလောဂ် လည်ချင်ပေမယ့် ကွန်နက်ရှင်က လည်း သိပ်မကောင်းတော့ စိတ်ကမရှည်ချင်ဘူးရယ်။ ဒိုးဆို ဒေါက်မှ ကြိုက်တော့ ကျွန်တော် တော်တော် ဒုက္ခရောက်နေတာပေါ့..။ နောက်ဆို အမြဲလိုလို ၀င်ဖြစ်ပါမယ်...။ စာတွေလည်း ဖတ်ပါတော့မယ်...။ အားလုံး မျက်စိနောက်ရင်တော့ ခွင့်လွှတ်နော့....။အဲ...အဲ မေ့နေမှာစိုးလို့ ထပ်မိတ်ဆက်ဦးမယ်...ကျွန်တော် ခနွဲပါ..။ မြင်းခြံဇာတိ...။ စာတော့ သိပ်မရေးတတ်ဘူး..။ ဒါပေမယ့် စာတွေရေးတယ်...။

မှတ်မိတယ်နော်...စိန်ဘယက်တဲ့ အဲ....ခနွဲတဲ့....

ဓါတ်ပုံကို ဂူဂယ်မှ ယူထားပါသည်။...

လေးစားစွာဖြင့်
ခနွဲ(မြင်းခြံ)
ခေတ္တ-တောင်ကြီး..

Thursday, May 19, 2011

အုတ်ကြားမြက်ပေါက်


စာဦး
ငယ်ငယ်လေးကတည်းက ကြားဖူးတဲ့ ဒီစကားလုံး။ သေချာလည်း နားမလည်ခဲ့သေး။ ဘာကို ဆိုလိုမှန်းလည်း မသိသေး။ မကောင်းတာတော့ သိလိုက်တယ်။အုတ် ဆိုတဲ့ အရာဝတ္ထု လေးတစ်ခုရယ်၊ ကြားဆိုတဲ့ ကြိုကြားကြိုးကြားတည်ရှိနေမှုကို ပြတဲ့ နာမ၀ိသေသနလေးတစ်ခုရယ်၊ မြက်ဆိုတဲ့ အပင်လေးရယ်၊ ပေါက် ဆိုတဲ့ ရှင်သန်ပေါက်ရောက်နေမှုကို ပြတဲ့ ကြိယာလေးရယ် ပဲ ပါတယ်။ ဆီလျှော်အောင်ပြန်ကြည့်တယ်။ အုတ်တွေကြားထဲတွင် မြက်ပင်ပေါက်နေပါသည်။ နစ်နာစရာလို့လည်း မတွေ့မိ၊ နစ်နာစေလို၍ ပြောဆိုခြင်းလည်း သဘောမသက်ရောက်။ သာမန် ၀ါကျ လေး တစ်ခုသာ။

နိဒါန်း

ဖြစ်စဉ်(၁)
"နင်လို အုတ်ကြားမြက်ပေါက် ကို ယူမိလို့ ဒီလိုဒုက္ခ ရောက်ရတာ။ ငါဘာသာ ငွေတိုးပေးစားတဲ့ တရုတ်ကို ယူမိရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။"

"အာ..ဒီကောင်မ..ငါ့ကို ဒီလိုမပြောနဲ့လို့ပြောနေတာ မရဘူးလား။ ကဲကွာ...။ "
ဖြန်း...
"သေပါပြီ။ သေနာကောင်၊ အုတ်ကြားမြက်ပေါက်၊ ကလေကချေ xxxx...xxxx"
လမ်းထိပ်က မငွေခင်တို့ လင်မယားရန်ဖြစ်သံ။

စဉ်းစားမိလိုက်တယ်။
အုတ်ကြားမြက်ပေါက်ဆိုတာ ပိုက်ဆံမရှိလို့ ပြောတာလား။

ဖြစ်စဉ်(၂)
"မင်းက ငါ့သမီးကို ဘယ်လိုလုပ်ကျွေးမှာတုန်း။ ပြောစမ်းပါဦး"
"ကျွန်တော်က စာရေးဆိုတော့ ရုံးစာရေးပေါ့ ဦးရယ်။ မဆင်းရဲတောင် တင့်တင့်တယ်တယ်ထားနိုင်ပါတယ်..ဦး"
"မဟုတ်သေးပါဘူး။ ဦးတို့က ဦးသမီးကို သဘောင်္သား တစ်ယောက်နဲ့ လက်ထပ်ပေးဖို့ ရည်ရွယ်ထားပြီးသားပါ။ မင်းတို့ချင်း ဘာပဲဖြစ်ဖြစ် ဦးက စိတ်မ၀င်စားဘူး။ နောက်ပြီး မင်းလို အုတ်ကြားမြက်ပေါက်နဲ့ နေရရင် ငါ့သမီး ဂုဏ်ငယ်မှာပေါ့။ "
ရုံးစာရေး ကိုမောင်မြင့်ရဲ့ ဖြစ်ရပ်။

စဉ်းစားမိတယ်။
အုတ်ကြားမြက်ပေါက်ဆိုတာ ဂုဏ်သိက္ခာ မရှိတာကို ပြောတာလား။

ဖြစ်စဉ်(၃)
"ဟေ့ကောင်..ဒီတစ်ခါ ငါ့အလှည့်ကွ။ ပေး..ဒိုး"
"အေးရော့..မှန်အောင်ပစ်။ မမှန်ရင်တော့ ငါ့လက်ကို သိတယ်မို့လား။ ငါက သိပ်လက်တည့်တာ"
"ဝေး...မမှန်ဘူးကွ"
"ဘယ်အုတ်ကြားမြက်ပေါက် ကလေးတွေ ငါ့အိမ်ရှေ့ လာဆော့နေတာလဲ..ဟေ။ သွားကြ..သွားကြ..ကိုယ့်အိမ်ရှေ့ကို သွားဆော့ကြ။ "

စဉ်းစားမိတယ်။
အုတ်ကြားမြက်ပေါက်ဆိုတာ ဆူညံမှု၊ နေရာဒေသ မဆီလျှော်မှုလို့ ပြောတာလား။

စာကိုယ်

ဒီလိုနဲ့ ကျွန်တော် အဖြေမထွက်ခဲ့ပါဘူး။ သို့လော..သို့လော..ဆိုတဲ့ အတွေးတွေပါပဲ။ သူ့ဘာသာ အပင်ပေါက်နေတာကို ဘာလို့ နှိမ့်ချစရာလို့တွေးပြီး ပြောကြတာပါလိမ့်။

"မငွေခင်..အုတ်ကြားမြက်ပေါက်ဆိုတာ ဘာကိုပြောတာလဲဟင်"
"နင်ကလည်း အုတ်ကြားမြက်ပေါက်ဆိုတာ အလုပ်မရှိအကိုင်မရှိ လက်ယားလက်ယားနေတဲ့ အီးပေါလောကြီးလို့ပြောတာပေါ့"
"အာ..ဒါဆို မငွေခင်ကလည်း။ ခင်ဗျားယောက်ျား က ဆိုက္ကားနင်းတယ်လေ။ အလုပ်အကိုင်လည်းရှိတယ်၊ လက်ယားလက်ယားလည်း မနေပါဘူး။ ဘာလို့...."
"အာ...ဒီကလေးကတော့...မသိဘူးဟေ့..မသိဘူး။...ဘယ်လိုကလေးနဲ့ လာတွေ့နေတယ် မသိပါဘူးတော်။ "

"ကိုမောင်မြင့်...ခင်ဗျားကို ဟိုလူက ဘာလို့ အုတ်ကြားမြက်ပေါက်လို့ ပြောရတာတုန်း"
"ငါက စာရေးမိုလို့ပေါ့ကွာ။"
"ဘာဖြစ်လဲ..စာရေး လည်း စာရေး ပေါ့။ ခင်ဗျားလည်း ပိုက်ဆံအသင့်အတင့်ရှိတာပဲ။ အလုပ်အကိုင်လည်း ရှိတာပဲ။ ခင်ဗျားကလည်း ခင်ဗျားကောင်မလေးကို ချစ်တာပါပဲ။ "
"သူတို့က သူဌေးကွ။ အဲဒါကြောင့် ရုံးစာရေး ကို ဂုဏ်မရှိဘူးပေါ့ကွာ။ "
"အာ..ဒါကတော့ဗျာ...တစ်ယောက်နဲ့တစ်ယောက်ဘယ်တူမတုန်းဗျ။ ခင်ဗျားက ဘွဲ့လည်းရထားပြီးသားပဲ။ နောက်ပြီး အဲဒီလူ လုပ်သလို သင်္ဘောသားဖြစ်အောင်လုပ်ရင် ခင်ဗျားကို အဲလို အပြောမခံရဘူးပေါ့"
"ကောင်လေးရာ မင်းမသိတာတွေ အများကြီးရှိတယ်ကွ။"
ကျွန်တော် ဇတ်လေးပု ပြီး ပြန်လာခဲ့ရပါတယ်။

"ဟေ့ကောင်တွေ အုတ်ကြားမြက်ပေါက် ဆိုတဲ့ စကားကို မင်းတို့ ဘယ်လိုနားလည်တုန်း"
တက္ကသိုလ်ရောက်တဲ့အထိကို မကျေလည်နိုင်သေး။

"မင်းကလည်းကွာ..ဒါများ အဆန်းလုပ်လို့ အဆင့်အတန်း မတူတာကိုပြောတာ၊ နှိပ်ကျတာကို ပြောတာပေါ့ကွ"

"မဟုတ်သေးဘူးလေ။ အဲဒီအတိုင်းဆိုရင် ဒီစကားမှားသလို ဖြစ်နေတာပေါ့။ ဒီ အုတ်ကြားမြက်ပေါက်  က တော်တော် လေးစားဖို့ကောင်းတဲ့ စကားလို့ ငါထင်တယ်။ "

"လုပ်စမ်းပါဦး..မင်းကတော့ ကန့်လန့် လုပ်ပြီ။ "
သူငယ်ချင်း ဖိုးလပြည့်က ပြောတယ်။

"အေးကွာ...ငါပြောကြည့်မယ်နော်။ ဒါက ငါ့ရဲ့ အတွေးနော်။ မှားပါတယ်လို့ပြောတာမဟုတ်ဘူး။ ငါ့အတွေးနဲ့ ဆိုရင် မှားနေတာကိုပြောတာ"

"အေးပါကွာ..နားထောင်ကြည့်ရအောင်"

"ဒီလိုကွ။ အုတ်ကြားမြက်ပေါက်ကို ငါနားလည်သလို အဆင်ပြေသလို ၀ါကျဖွဲ့ထားတာ အုတ်ကြားထဲတွင် မြက်ပင်ပေါက်နေသည်။ တဲ့.။ အဲဒါ လက်ခံလား"

"အင်း..."

"ဆိုတော့ကွာ။ မြက်ပင်ရဲ့ အဓိက ရယ်ရွယ်ချက်ကတော့ အပင်ဖြစ်တဲ့ အတွက်ကြောင့် ရှင်သန်ဖို့လိုအပ်တယ်။ အဲဒီအခါမှာ သူရှင်သန်ကြီးထွားဖို့အတွက် အတားအဆီးတွေ အများကြီးကြုံရတယ်ကွ။ သူထိုးထွက်မယ့် လမ်းမှာ အုတ်တွေက တားဆီထားတယ်။ ဒါပေမယ့် သူ အဲဒါကို ထိုးထွက်လာနိုင်တယ်။ သူ့ခွန်အားတွေ အများကြီးသုံးရတယ်ကွ။ တခြား မြက်ပင်တွေလိုမျိုး သာမန်အားအင်နဲ့ မရဘူးကွ။ အဲဒီအချိန်မှာ သူဟာ သာမန် အပင်လိုမျိုး လေရဲ့ ငွေ့အသက်ကို အရင်မခံစားရဘူး။ သာမန် မြက်ပင်က ပျော့တဲ့ မြေကြီးကို ထိုးထွက်လိုက်တာနဲ့ လေ နဲ့ ထိတွေသွားပြီကွ။ အဲဒါ သာမန်မြက်ပင်ရဲ့ အောင်မြင်မှုပဲ။  အဲ...အုတ်ကြားထဲက မြက်ကျတော့ မရတော့ဘူး။ မြေကြီးကို ထိုးထွက်ပြီးတာနဲ့ တွေ့ရတာက အုတ်။ လေမဟုတ်ဘူး။ အဲဒါကိုပဲ အုတ်ကို ဆက်ဖောက်ရတယ်။ အကြိုအကြားပေါ့ကွာ။ လိုက်ရှာရတယ်။ အဲဒါတွေပြီးတော့မှ သူက လေ ကို ရှုရှိုက်ရတယ်။ အဲဒီအချိန်က အုတ်ကြားမြက်ပေါက်ရဲ့ အောင်မြင်မှုပဲ။ ဒါတောင်မှ အပေါ်ကို မထိုးထွက်နိုင်ပဲ ကျဆုံးသွားတဲ့ အပင်တွေလည်း ရှိမှာပဲ။ မင်းစဉ်းစားကြည့်စမ်း။ သူလေကို ရှုရှိုက်ဖို့ အချိန် နောက်ကျပေမယ့် အဲဒီအချိန်မှာ ဖြစ်နေတဲ့ သူ့ရဲ့ အောင်မြင်မှုအတွက် ပီတိ ကို မင်းခံစားကြည့်စမ်း။ ကြက်သီးတဖြန်းဖြန်း ထဖို့ကောင်းတယ်။ "

"ဒါပေမယ့်..ငါထင်တာက ဘယ်သူမှ အဲလိုမတွေးပဲ..ဖြစ်စဉ်ကိုပဲ စဉ်းစားကြတယ်ထင်တယ်။ အဲဒါကြောင့်မို့ပြောတာလားမသိဘူး"

"အေးကွာ။ မင်းခုဏပြောသလို ဖြစ်စဉ်ကို ပြန်စဉ်းစားကြည့်ရအောင်။ ဘယ်မြက်ပင်ကတော့ ခက်ခက်ခဲခဲနဲ့ ရုန်းထွက်ပြီးတော့မှ ရှင်သန်ချင်မှာလည်းကွာ။ သူများတွေလိုမျိုး သာမန်ပေါ့ပေါ့ပါးပါးလေးနဲ့ပဲ ရှင်သန်ချင်တာပေါ့။ ဟုတ်ပြီ။ အုတ်ကြားထဲမှာ မြက်ပေါက်နေလို့။ ခုဏကပြောသလို ဖြစ်စဉ်ကို ပြန်စဉ်းစားကြည့်ရအောင်ကွာ။ ဒါပေမယ့် မြက်ကမျိုးစေ့က ပေါက်တာလား။ အပင်ပေါက်ကနေပွားတာလား သေချာတော့ ငါမသိဘူး။ အပင်ပေါက်ကပေါက်တာပဲဖြစ်ဖြစ်၊ မျိုးစေ့က ပေါက်တာပဲဖြစ်ဖြစ် အဲဒီအုတ်နားလေးမှာဖြစ်နေလို့ပေါ့ကွာ။ မလွန်ဆိုင်နိုင်တဲ့ ပတ်ဝန်းကျင်လို့ပဲ ပြောရမှာပေါ့။ သူရှင်သန်ရမှာကို က အဲလိုပတ်ဝန်းကျင်ဖြစ်ဖို့ ကံပါလာလို့ပေါ့။ အဲဒါကို အုတ်ကြားထဲမှာမှ မြက်ပေါက်ရလေခြင်း၊ မတန်လိုက်လေခြင်းဆိုပြီး နှိမ့်ချတာတော့ မသင့်တော်ဘူးထင်တယ်ကွာ။
ဥပမာကွာ..။ ငါတို့လောကကြီးက ဟောဒီ မြက်ခင်းပြင်ကြီးဖြစ်ခဲ့တယ်ဆိုပါတော့။ ဘ၀တွေက မြက်ပင်ကလေးတွေပေါ့ကွာ။ အဲဒီမှာ ကံ၊ကံ၏အကျိုးကြောင့် ချမ်းသာတဲ့သူတွေရှိတယ်၊ ဆင်းရဲတဲ့သူတွေရှိတယ်။ ဒါပေမယ့် ဆင်းရဲတဲ့ကလေးက ချမ်းသာတဲ့လူတွေနဲ့ ပေါင်းဖက်မိကြမှာပဲ။ သူငယ်ချင်းတွေဖြစ်ကြမှာပဲ။ အဲဒါကို အုတ်ကြားမြက်ပေါက်လို့ ပြောလို့မရဘူးကွ။ ဘာလို့လဲဆိုတော့ ဆင်းရဲတဲ့ ကလေးရဲ့ ပတ်ဝန်းကျင်က ချမ်းသာတဲ့ ပတ်ဝန်းကျင်မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ ငါဆိုရင် ဆင်းရဲတာပဲ။ ဒါပေမယ့် မင်းတို့နဲ့ သူငယ်ချင်းဖြစ်တာကို အုတ်ကြားမြက်ပေါက်လို့ပြောမလား။"

"ဟာကွာ..မင်းကလည်း မဆိုင်တာပဲ။"

"ငါက ဥပမာ ပေးတာပါ။ ငါဆက်ပြောဦးမယ်ကွာ။ အဲဒီဆင်းရဲတဲ့ကလေး အစစအရာရာ ချို့တဲ့တယ်။ ဒါပေမယ့် သူ့မှာ သူ့ပန်းတိုင်တစ်ခုရှိတယ်။ ပန်းတိုင် အမျိုးမျိုးရှိကြမှာပေါ့ကွာ။ အဲဒီပန်းတိုင်တွေကို ရောက်ဖို့အတွက် အားအင်တွေ အများကြီး သုံးရမှာပဲ။ သုံးကို သုံးရတယ်ကွာ။ အဲဒီလူတွေရဲ့ ပီတိက တွေးကြည့်ရင် ကြက်သီးထစရာနော်။ ဆင်းရဲတဲ့သူတွေ ဆရာဝန်တွေလည်း အများကြီး။ နောက်ဆုံးကွာ လင်ကွန်းကိုကြည့်။ ငါတို့ပြောသလို နှိမ့်ချပြောရမယ်ဆိုရင်တော့ သူက အုတ်ကြားမြက်ပေါက်ကွ။ ဆင်းရဲလိုက်တာမှ ပြောမနေနဲ့။ ကြိုးစားလိုက်ရတာလည်း အသေအကြေပဲ.ငါ့ကောင်။ သူယှဉ်ပြိုင်ရတာ တကယ့်ကို ဒိတ်ဒိတ်ကျဲတွေ။ နောက်ဆုံး သူဘာဖြစ်သွားလဲ။ သမ္မတ ဖြစ်သွားတယ်လေ။ ဘယ်လိုနေရာမှာပဲရောက်ရောက်ပေါ့ကွာ။ သူ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်ရင် လေးစားရမှာပဲကွ။ အရာရာတိုင်းက သူ့အလုပ်သူလုပ်တယ်ကွ။ ခုဏက အပင်က အပင်ရှင်သန်ရေးသည် သူ့အရေး။ သူရှင်သန်အောင်လုပ်တယ်။ အဲဒါ ပန်းတိုင်ပဲ။ ကျောင်းသားတစ်ယောက်က ဆင်းရဲရဲ ချမ်းသာသာ၊ ဘယ်လို အဆင့်အတန်းက မွေးဖွားမွေးဖွား၊ သူ စာမေးပွဲအောင်တယ်။ အဲဒါ သူ့ရဲ့ ပန်းတိုင်ပဲ။ "

"အင်း..ဟုတ်သလိုလိုတော့ ရှိသား။ "

ကျွန်တော် ခေါင်းမကုတ်တော့ပါ။ ပြောချင်တာတွေ ပြောလိုက်ရလို့။ ခေါင်းကုတ်သွားတာ ကျွန်တော့်သူငယ်ချင်း ပင်။

 ဒီထက်ပိုပြီး ထပ်ချဲ့ကြည့်သည်။ ကျွန်တော် အလုပ်တွေလုပ်တယ်။ (ဒီနေရာမှာ ကျွန်တော်တို့လို့ မသုံးပါ။ ကျွန်တော့် အမြင်သက်သက်သာဖြစ်သောကြောင့်ပင်) ။ အခက်အခဲတွေ ရှိတယ်။ အတားအဆီးတွေ ရှိတယ်။ အဲဒီအတားအဆီးတွေ၊ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ရင် အောင်မြင်မှုတစ်ခုတော့ ရှိမည်ပင်။ အဲဒီအချိန်မှာ ကျွန်တော်ရဲ့ ပျော်ရွှင်မှုတွေသည် အတိုင်းအဆမဲ့ရသည်။ သူများတွေအတွက် အထင်ကြီးစရာ အောင်မြင်မှု ဖြစ်ချင်မှ ဖြစ်မယ်။ ကိုယ့်ဘ၀နဲ့ ကိုယ်တော့ အဲဒါ ပန်းတိုင်များစွာထဲက တစ်ခု။ ဒါပေမယ့် ကျွန်တော့်ကို အုတ်ကြားမြက်ပေါက်လို့ ခေါ်ရင် မနာတက်။ ကျွန်တော် အရမ်းကြိုက်တဲ့ မြက်ပင်လေး ဖြစ်တဲ့အတွက်ကြောင့်ပင်။


နိဂုံး
ကျွန်တော့် ဆက်လက်တွေးမိတာလေးတစ်ခုက

ခက်ခဲကြမ်းတမ်းသော ဘ၀တွေကို ဖြတ်သန်း ရတဲ့သူဆိုရင် မနှိမ်ချစေချင်။ လေးစားမှုရှိသင့်သည်ဟု....။ သူသည် အုတ်တွေကြားထဲတွင် ပေါက်ရောက်နေသော မြက်ပင်လေး ဖြစ်သောကြောင့်။


ကျွန်တော့် အတွးစ သက်သက်သာ ဖြစ်ပါသည်ဟု ရိုးသားစွာဝန်ခံပါကြောင်း။ 
ဓါတ်ပုံကို ဂူဂယ်မှ ရယူထားပါကြောင်း။

လေးစားစွာဖြင့်
ခနွဲ(မြင်းခြံ)
လာလည်သူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဒီလောက်ပဲ ရှိသေးတာ

အခုဖတ်နေတာက: